International News

အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှုဒေသ (ACFTA) အဆင့်မြှင့်တင်မှုဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲများ တရားဝင်ဖွင့်လှစ်

Last Updated:

အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ခေါင်းဆောင်များသည် အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်မှုဒေသ (ACFTA) အဆင့်မြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ တရားဝင်ဖွင့်လှစ်ခြင်းကို ကြိုဆိုခဲ့ကြပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲများသည် အာဆီယံ-တရုတ် စီးပွားရေးဆက်ဆံမှုများကို ယခုထက် ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာစေရန်နှင့် ကပ်ရောဂါအလွန် ဒေသတွင်း စီးပွားရေး ဦးမော့လာစေရန်အတွက် ACFTA က အထောက်အပံ့ပေးနိုင်မှုကို သေချာစေရန်ဖြစ်ပါသည်။ ACFTA အဆင့်မြှင့်တင်မှုဆိုင်ရာ ထုတ်ပြန် ကြေညာချက်ကို ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးညီလာခံ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ACFTA သည် အပြန်အလှန်ဆွေးနွေးဖက်နိုင်ငံများအကြား အာဆီယံ၏ သက်တမ်းအရင့်ဆုံး FTA တစ်ခုဖြစ်ပြီး ယင်းအား အဆင့်မြှင့်တင်ခြင်းဖြင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က ACFTA ကို စီးပွားရေးလုပ်ငန်းများ၊ အနာဂတ်အဆင်သင့်ဖြစ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ခြင်းတို့နှင့် ပိုမိုလိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ပုဂ္ဂလိကကဏ္ဍနှင့် ပါဝင်ပတ်သက်သူအားလုံးကို အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။

အဆိုပါ အဆင့်မြှင့်တင်ထားသော ACFTA တွင် အပြန်အလှန်အကျိုးစီးပွားနယ်ပယ်အားလုံး ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက် ဒစ်ဂျစ်တယ်စီးပွားရေး၊ စိမ်းလန်းစီးပွားရေး၊ ထုတ်လုပ်မှုကွင်းဆက် ချိတ်ဆက်နိုင်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူကာကွယ်ရေးနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကဏ္ဍ (MSME) တို့ပါဝင်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရာ ဒုတိယအကြီးဆုံးရင်းမြစ်တစ်ခုလည်းဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဆီယံနှင့် တရုတ် ကုန်စည်ကူးသန်းရောင်းဝယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၆၉) ဘီလီယံ ရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး တိုးတက်နှုန်းမှာ (၂၉) ရာခိုင်နှုန်းရှိပါသည်။ အဆိုပါနှစ်တွင် တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၃.၆) ဘီလီယံရှိပြီး လွန်ခဲ့သော ၂၀၂၀ ခုနှစ် ကထက် (၇) ဘီလီယံတိုးတက်ခဲ့ကြောင်းတွေ့ရပါသည်။ အဆိုပါတန်ဖိုးသည် အာဆီယံတစ်ခုလုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ (၇.၈) ရာခိုင်နှုန်းနှင့် ညီမျှပါသည်။ အနာဂတ်တွင် ACFTA အဆင့်မြှင့်တင်မှုကြောင့် အဆိုပါ အလားအလာများ၏အရှိန်အဟုန်ကို ထပ်မံထောက်ပံ့ကူညီသွားနိုင်မည် ဖြစ်သည်။

Source: asean.org

ကောင်းထွဋ်အောင်

Category: International News